Tuesday, October 22, 2013



.....သြော် ပြေမြန်မာ ခေတ်ထူး
ရာဇ၀င်မှာ ၊ စာတင်လို့ကျူးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင် ၊ ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲတပ်မတော် ခြံအရံ၊ မြန်မာ နယ့်တရိုး
ရန်ထိုထိုကို ၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြေပုဂံ ၊ ရဲတပ်မတော် အပြန်မှာ။

အောင်လံတွေ ရောင်ပျံမြူးကာပါ့
တပ်ဦးမှာ တချီချီနဲ့
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတက်ကြမှာ။

....လာစမ်းဟဲ့ မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီးလုံးလုံး ၊ ဗိုလ်မှူးကြီး ရှုံးလောက်ရဲ့
ပခုံးနဲ့ လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ ၊ ချက်ချင်းဘဲ ပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့်ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းဘဲ တောင်းရတယ်
အမယ် မမ
သားလှတွက်တာ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး ၊ ပုဂံသွေးမို့
အလေးမမူ ၊ အသက်ပင်လှူခဲ့ပေါ့
ပြည်သူသက်စွန့် ၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ၀ံ့မတုံးတဲ့။

ယာလက်ရုံး ငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့
ကိုယ့်မျိုးဂုဏ် တမာန်တက်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခောတ်ဟောင်း။

......စေတီနဲ့ တန်ဆောင်း
ဆည်ချောင်းနဲ့ စပါးနှံ
ရွှေပေါက္ကံ ပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲ သာလွန်းလို့
လူသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘ၀ဂ်က ပြန်ပါရော့။.....

တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနဲ့
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ၀င်းခဲ့သတဲ့
သည်မင်းသည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘူ့
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း။

ဇော်ဂျီ

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews