Wednesday, September 11, 2013

အဆီပြန်တဲ့အသားရေပိုင်ရှင်တွေအတွက် မျက်နှာပေါင်းတင်နည်း



အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေက အရမ်းဂရုစိုက်ရမယ့် အသားအရေပိုင်ရှင်တွေပါ။ ဒါပေမယ့် သေချာဂရုစိုက်ပေးရင် ၀င်းပကြည်လင်ပြီး ပိုတောင်ကြည့်လို့ကောင်းသေးတယ်နော်။ အဆီပြန်တဲ့ အသားအရေအကြောင်းနဲ့ ဆောင်ရန် ရှောင်ရန်တွေကိုတော့ အဆီပြန်တဲ့

အသားအရေအကြောင်း သိကောင်းစရာအဖြာဖြာ ဆိုတဲ့ ပို့စ်လေးမှာ ဖတ်ကြည့်ပါ။ ခုကတော့ ပေါင်းတင်နည်းတွေကို ပြောပြပေးမယ်နော်။

အဆီပြန်တဲ့ အသားအရေရှိတဲ့သူတွေဟာ အဆီပိုတွေနဲ့ ၀က်ခြံဖြစ်စေတဲ့ဆဲလ်သေတွေကို ဖယ်ရှားနိုင်အောင် ချွေးပေါက်တွေ သန့်စင်ပြီး ချွေးပေါက်မကျယ်အောင် မှန်မှန်ပေါင်းတင်ပေးသင့်တယ်လေ။ အဲဒီတော့ အဆီပြန်တဲ့ အသားအရေပိုင်ရှင်သူငယ်ချင်းတွေအတွက် အကောင်းဆုံးဖြစ်မယ့် ပေါင်းတင်နည်းတွေကို ရင်နှင်းပြောပြပေးမယ်နော်။

(၁) နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်ရည်တစ်ခွက်စာကိုရောပြီးရင် မျက်နှာအနှံ့လိမ်းပြီး ၁၀ မိနစ် ထားထားနော်။ ပြီးတော့ ရေအေးလေးနဲ့ ဆေးချလိုက်ပါ။ မျက်နှာလေးဟာ သန့်စင်ပြီး ၀င်းပလာပါလိမ့်မယ်။

(၂) ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းနဲ့ လိမ္မော်ရည်စက်အနည်းငယ်ကို ရောမွှေလိုက်နော်။ သေသေချာချာကြေညက်သွားရင် ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ ပါးပါးလေး သုတ်လိမ်းပြီး ၁၅ မိနစ် လောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။ ဒီနည်းလေးက မျက်နှာပေါ်က အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်စေပါတယ်။

(၃) ခရမ်းချဉ်သီး (အလတ်စား) တစ်လုံးကို အရည်ထွက်လာအောင် ကြိတ်ပါ။ ပြီးရင် သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဝက်နဲ့ရောပြီး မျက်နှာပေါ်မှာလိမ်း၊ ၁၀ မိနစ်ထားပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ချွေးပေါက်ကလေးတွေကို ကျဉ်းစေတဲ့အပြင် ၀က်ခြံတွေကိုလည်း လျော့နည်းသက်သာစေပါလိမ့်မယ်။

(၄) ရေစင်စင်ဆေးထားတဲ့ စတော်ဘယ်ရီသီး ၄ - ၆ လုံးကို ခွက်ထဲထည့်ပြီး ခရင်းနဲ့ ချေလိုက်နော်။ ပြီးတော့ ဒိန်ချဉ်တစ်ဇွန်းနဲ့ရောပြီး မျက်နှာမှာ သုတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချလိုက်ရုံပါပဲ။

(၅) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါတဲ့ ပန်းသီးတစ်လုံးကို အခွံခွာ၊ အစိပ်သေးသေးလေးတွေ လှီးပြီး မွှေစက်ထဲ ထည့်ပြီး အနှစ်လေးရတဲ့အထိ မွှေပါ။ ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ရောပြီး မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းပါ။ ၁၅ မိနစ် ပြည့်ရင်ရေနွေးလေးနဲ့ ဆေးချလိုက်ပါ။ ချွေးပေါက်ကျဉ်းပြီး နူးညံ့ကြည်လင်တဲ့ မျက်နှာလေးကို တွေ့ရမှာပါ။

(၆) နောက်တစ်နည်းကလည်း ပန်းသီးနဲ့ ပျားရည်ပါပဲ။ ပန်းသီးတစ်ဝက်ကို ရေနွေးထဲမှာ ခဏစိမ်လိုက်နော်။ ပြီးတော့ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းရယ်၊ ဂျုံမှုန့် ၂ ဇွန်းရယ်နဲ့ ပေါင်းပြီး အနှစ်လေးရတဲ့အထိ ချေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်ထားပြီး ရေဆေးချလိုက်ပါ။ ချွေးပေါက်တွေကျယ်ပြီး ၀က်ခြံလည်းရှိတဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေအတွက်တော့ အရမ်းအသုံးဝင်တဲ့ နည်းလေးပါပဲ။

(၇) အလွယ်ဆုံးနည်းလေးကတော့ သခွားသီးကို ပါးပါးလှီးပြီး မျက်နှာပေါ်မှာ မိနစ် ၂၀ လောက် ကပ်ထားပေးပါ။ ဒီလိုလုပ်တာက မျုက်နှာရေဓာတ်ကို ထိန်းသိမ်းပေးပြီး စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးတယ်လေ။ မျက်နှာပြင်ကို ချောမွေ့စေပြီး အရေးအကြောင်းတွေ အစက်အပြောက်တွေကိုလည်း သိသိသာသာလျော့နည်းစေပါတယ်။

(၈) သခွားသီးကို အတုံးသေးသေးလေးတွေ ဖြစ်အောင်တုံးပြီး ဒိန်ချဉ်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဂျုံမှုန့် လက်ဖက်ရည်ပန်းကန်လုံးတစ်ခွက်စာနဲ့ မွှေစက်ထဲမှာ လုံးဝကြေညက်သွားတဲ့အထိ ထည့်မွှေပါ။ ပြီးတော့ မျက်နှာပေါ်မှာ ၁၀ မိနစ်လိမ်းထားပြီး မျက်နှာသစ်လိုက်နော်။ ဒီနည်းက ချွေးပေါက်တွေကို သန့်စင်စေပြီး ၀က်ခြံတွေလည်း သက်သာစေတယ်လေ။

တစ်ပတ်ကို တစ်ခါမှန်မှန် လုပ်ရင် အရမ်းအကျိုးရှိပါတယ်။ လုပ်ကြည့်နော် သူငယ်ချင်းတို့..။ ရင်နှင်းသူငယ်ချင်းလေးတွေ အမြဲကျန်းမာလှပပျော်ရွှင်ကြပါစေ..။ :pray
credit >>> Myanmar Sky Link's

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews