Wednesday, September 4, 2013

သနပ်ခါးဈေးကောင်းရသဖြင့်


ရန်ကုန်   စက်တင်ဘာ   ၃

  သနပ်ခါး ဈေးကောင်း ရသဖြင့် တောင်သူများ တိုးချဲ့ စိုက်ပျိုးလာ
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ်တွင် တစ်နှစ်ထက် တစ်နှစ် ဝယ်လိုအား ကောင်းလာပြီး ၁ဝ နှစ်အတွင်း ဝင်ငွေရရှိနိုင်သည့်
သနပ်ခါးပင်များကို မြို့နယ်အတွင်း နေရာဒေသအနှံ့ စိုက်ပျိုးလာကြ ကြောင်း ဒေသခံ သနပ်ခါးပင် စိုက်သူများထံက သိရသည်။
ယခင်က  တော၊ တောင်များတွင် အလေ့ကျပေါက်သော သနပ်ခါးပင်များကို ရှာဖွေ၍ ရောင်းချခဲ့ကြရာ ယခု အခါတွင် သစ်ပင်၊ သစ်တောများ ပြုန်းတီးမှုနှင့် သနပ်ခါးပင်များ ရှားပါးလာမှုတို့ကြောင့် အလေ့ကျ ပေါက်နေ သောသနပ်ခါးပင်များ အစား သနပ်ခါး အသီးများကို ပျိုးထောင်၍ စိုက်ပျိုး လာကြသည်မှာ နှစ်အတော် ကြာခဲ့ပြီ ဖြစ်ကြောင်း ကျောက်ပျောက်ကျေးရွာမှ သနပ်ခါးခြံ ပိုင်ရှင် ဒေါ်ညိုက ပြောကြားခဲ့သည်။
''အရာတော် မြို့နယ်မှာ ''စိန်မင်း'' ဆိုတဲ့ သနပ်ခါးပင်က နာမည်ကြီးတယ်။ ဒီသနပ်ခါးပင်ကို စိုက်ဖို့ မျိုးစေ့ ဝယ်ရင် ဈေးကြီးတယ်။ ပုံမှန် သနပ်ခါးမျိုးစေ့ နို့ဆီဘူး တစ်ဘူးကို သုံးသောင်းပေးရရင် ''စိန်မင်း'' သနပ်ခါး မျိုးစေ့က တစ်ဘူးကို ငါးသောင်းအထိ ဈေးပေါက်တယ်။ ''စိန်မင်း'' သနပ်ခါး မျိုးစေ့က စိုက်လိုက်ရင် အပင် ငယ်တယ်။ ဒါပေမဲ့ သုံး၊ လေးနှစ် အတွင်းမှာ အပွေး၊ အခေါက်တွေက ရုပ်လုံး ပေါ်လာတယ်။ ရောင်းတဲ့သူ ရော ဝယ်တဲ့သူပါ စိတ်ကြိုက် ပုံစံမျိုးဆိုတော့ ဈေးကောင်းရတယ်'' ဟု ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
သနပ်ခါးပင်သည် စိုက်ပျိုးပြီး လေး၊ ငါးနှစ်တွင် အသီး သီးနိုင်သောကြောင့် တချို့သော သနပ်ခါးခြံ ပိုင်ရှင်များသည် အပင်လှ၊ အပင်ကောင်းသော်လည်း ခုတ်ရောင်းခြင်း မပြုဘဲ အသီးမှ မျိုးစေ့ထုတ်၍ မျိုးကောင်းအဖြစ် ရောင်းချမှုများ ရှိကြောင်း၊ သနပ်ခါးပင်များသည်  မြေတစ်ဧကလျှင် အပင် ၆ဝဝ  မှ  ၇ဝဝ ခန့် အထိ စိုက်ပျိုးနိုင်ပြီး ရိုးရိုးသနပ်ခါးပင်ကို အသက်ကိုးနှစ်မှစ၍ ရောင်းချနိုင်ပြီး ''စိန်မင်း'' သနပ်ခါးမှာ ခြောက်နှစ်ခန့်တွင် စတင်ရောင်းချနိုင်ကာ သနပ်ခါးပင် တစ်ပင်လျှင် ငွေကျပ် ခုနစ်ထောင်မှ ငွေကျပ် ငါးသောင်း၊ တစ်သိန်းကျော်အထိ ရရှိသဖြင့် အိမ်ခြံဝင်းများ အတွင်းတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြရုံ သာမက ယာမြေများတွင်လည်း ဧကလိုက် စိုက်ပျိုးနေကြကြောင်း သိရသည်။
သနပ်ခါးပင်များကို အရာတော် နယ်တစ်ဝိုက် ကျေးရွာများဖြစ်သော မြေနက်ရွာ၊ ကျောက်ပျောက်ရွာ၊ နမသင်းရွာ၊ သခွတ်ပလယ်ရွာများနှင့် မုံရွာ၊ အရာတော်၊ ရွာသာကြီး ကားလမ်းဘေး တစ်ဝိုက်တွင်လည်း စိုက်ပျိုးထားသည် ကိုတွေ့ရသည်။
သက်ဇော်

1 comments:

ရွှေပင်ဆင့် said...

ဖော်ပြပါရွာတွေအထဲမှာ
စိန်မင်းသနပ်ခါးစပေါ်တဲ့ရွာလဲမတွေ့ပါလားဗျာ

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Blogger Theme by Lasantha - Premium Blogger Templates | Affiliate Network Reviews