ကျွန်တော် ယခုတစ်လော ခရီးထွက်ဖြစ်တာများလှပါပြီ။ နေရာ၊ဒေသ အစုံ သို့ ရောက်ဖြစ်နေလေရာ ယခုလည်း မြေလတ်ဒေသမြို့လေးတစ်မြို့သို့ ရောက်နေပါ၏။ရောက်နေရသည့်ကိစ္စ က သူငယ်ချင်းတစ်ဦး နှင့်တွေ့ဆုံ၍ အရောင်းအ၀ယ် အလုပ်ကိစ္စ များညှိနှိုင်း တိုင်ပင်ရန် အတွက် ခရီးထွက်လာရခြင်းပါ။
ဤမြို့လေး သို့ မကြာခဏ ဆိုသလို ကျွန်တော် ရောက်ရှိလေ့ရှိရာ သူငယ်ချင်းနှင့်ပတ်သက်၍ အခြားသော မိတ်ဆွေ အချို့နှင့်ပင် ခင်မင်ရင်းနှီးနေကြပါပြီ။ သူရို့ တစ်တွေက လည်း ကျွန်တော့် ကို ဓမ္မရေးရာ ဆွေးနွေးခြင်းများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးကြပါသည်။ကျွန်တော်ခေတ္တ ရောက်ရှိနေသည့် ရက်ပိုင်းလေးမှာပင် နံနက်ခင်းပိုင်းအချိန်နှင့် ညဦးပိုင်း အချိန်လောက် အားလပ်ကြပြီ ဆိုလျှင် သူငယ်ချင်းအိမ်နှင့် မနီးမဝေး လက်ဖက်ရည်ဆိုင်တွင် စကားစမြည်ပြောလေ့ရှိပါ၏။
ယခုလည်း လက်ဖက်ရည်ဆိုင် ရောက်ခါစရှိသေး မြို့ခံ မိတ်ဆွေတစ်ဦး က ယမန်နေ့ ည-က ဆွေးနွေးလက်စ ဓမ္မသာကစ္ဆာ ကို ဆက်လက်မေးမြန်းလာပါသည်။
သူ့မေးခွန်းက တိုတို ဆိုပါစို့ရဲ့။ "ရဟန်းတော်များ ငွေကိုင် ကောင်းပါသလား"ဟူသော မေးခွန်း။
ထို မရှိမကောင်း၊ရှိမကောင်းသော ငွေ၊(တစ်နည်းအားဖြင့်) ရဟန်းတော် နှင့် ငွေကြေးကိစ္စ ဟူသည် ကျယ်ဝန်းသောကိစ္စပင်ဖြစ်ပါ၏။ ရှုပ်ထွေးလှပါ၏။
ကောင်းပါပြီ။"ရဟန်းတော်များ ငွေကိုင်ကောင်းပါသလား"ဟုတိုက်ရိုက်မေးမြန်းလျှင် "မကိုင်ကောင်းပါ၊အလှူမခံ ကောင်းပါ"ဟု(၀ိနည်း ဒေသနာအတိုင်း)ဖြေရပါမည်ပေါ့ ။ နော့ပေတဲ့ ကင်းနိုင်ကြပါမည်လား?….။
"အရည၀ါသီ"(သို့မဟုတ်) "၀န၀ါသီ"ခေါ် တောရဆောက်တည်ပြီး တရားဓမ္မများကိုကျင့်ကြံအားထုတ်နေသော ရဟန်းပုဂ္ဂိုလ်ဟူလျှင်တော့ ဤကိစ္စမျိုး က ကင်းရှင်းနိုင် ဖွယ်ရာရှိပါသည်။"ဂါမ၀ါသီ"(သို့မဟုတ်) "နဂရ၀ါသီ"ကျေးလက်၊မြို့ပြ နေ ရဟန်း ပုဂ္ဂိုလ် တို့အတွက်ကတော့ တော်တော့ ကို မလွယ်လှသော ကိစ္စကြီးပါပေ။
ဗုဒ္ဓမြတ်စွာဘုရားရှင်၏၀ိနည်းသိက္ခာပုဒ်တော်များတွင်"လောက၀ဇ္ဇ"(လောကအတွင်းတွင်နေထိုင်ရင်းသင့်ရောက်တတ်
သောအပြစ်) မျိုး နှင့် " ပဏ္ဏတ္တိဝဇ"(ဘုရားရှင်တို့ ပညတ်တော်မူသဖြင့် သင့်ရောက် ရရှိနိုင်သော အပြစ်မျိုး)ဟူ၍ နှစ်မျိုးရှိပါ၏။
အမှန်အားဖြင့်"ဗုဒ္ဓမြတ်စွာဘုရားရှင်"က "ဒါ မလုပ်နဲ့"ဟု ပညတ်ထားပါက မည်သို့ပင်ဖြစ်စေ အပြစ်သင့်မည်သာ။
ခက်တော့လည်း အတော် ခက်ပါသည်နော့။
မကင်းနိုင်သည့်ကိစ္စကို အပြစ်ပြောမည့်အစား"ပညာ-သတိ"ဖြင့်သာ ကိုင်တွယ် ကျင့်ဆောင်မှု ပြုသင့်ကြသည် ထင်ပါသည်။ ထို့ကြောင့် ကျွန်တော် "၀ိနည်းဒေသနာတော်"လာ "ရူပိယ သိက္ခာပုဒ်" ကိုလေ့လာကြည့်မိပါ၏။
"ဥဂ္ဂဏှေယျ"-မိမိကိုယ်တိုင် ကိုင်တွယ် မှ မဟုတ်၊ "ဥပနိက္ခိတံ္တ ၀ါ သာဒယေယျ" ဟုဆိုသည့်အတွက်ခံယူမှမဟုတ်ပေ။ ငွေလှုဒါန်းနေသည်ကို သာယာမိလျှင်လည်း အပြစ်က မလွတ်ပါချေ။
"မသာယာပါဘူး"ဟုနှုတ်က ပြောနိုင်ပါ၏။ နော့ပေတဲ့ စိတ်မနော ထဲ ဖြစ်ပေါ်နေသော ကိစ္စ ကို ကာယကံရှင် ကိုယ်တိုင်မှ တစ်ပါး သိနိုင်ဖွယ် မရှိပေ။
ရဟန်းတော်များ ငွေကို ကိုယ်တိုင်ခံယူခြင်းသာမဟုတ်။"ဟိုနား ထားလိုက်ပါ၊ ဟိုထဲ ထည့်လိုက်ပါ"ဟု စေခိုင်းခြင်းပင် ပြုခွင့်မရှိပါ။တစ်ချို့သော ပုဂ္ဂိုလ်များက ငွေ ကို လက်ဖြင့်တော့ မကိုင်ကြပါ။ ယပ်တောင်ကလေး ထိုးပေးလိုက်ကြသည်။တစ်ချို့က စက္ကူအိတ် စသော ထည့်စရာကို ညွှန်ပြပေးကြသည်။ဘာမျှ အကြောင်းမထူးပါ။အပြစ် မလွတ် နိုင်ပါ။
မကင်းနိုင်သော ထို ငွေကြေး နှင့်ဆက်ဆံကြရာတွင် ရဟန်းတော် တို့အနေဖြင့် ကိုယ်နှုတ်ဖြင့် မပယ်သာလျှင်-
"ငါ မယူလို၊ ငါ မသာယာ၊ ကပ္ပိယ သုံးလိုလျှင် သုံးပါစေ" ဟု အမှန်စင်ကြယ်သော၊ မသာယာသော စိတ် ဖြစ်နိုင်ပါလျှင်
"အာပတ် မသင့်"ဟု "မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ" က ဆိုထားပါ၏။
သို့အတွက် အလိုက်သိသော၊ တတ်သိနားလည်သော၊ "ရဟန်း၊ ကျောင်း ဒကာ-ဒကာမ"၊ "ကပ္ပိယ"လုပ်သူတိုင်းဤကိစ္စ နားလည်ထားရန်အရေးကြီးလှပေ၏။
ရဟန်းသံဃာများအား လိုအပ်သော ပစ္စည်းကို မိန့်ရန် ကပ္ပိယ ဒကာ-ဒကာမ များက အလိုက်သိစွာ လျှောက်ထားရပါမည်။
သို့မှ သာ ရဟန်းသံဃာများ ငွေကြေး နှင့်ပတ်သက်သော အပြစ်(အာပတ်)လွတ်ကင်းနိုင်ဖွယ်ရှိပါ၏။ ဆရာ-ဒကာ လက်တွဲညီညာ နားလည်စွာ ဗုဒ္ဓသာသနာ ပြုနိုင်မည် ဖြစ်ပါ၏။
"အကျယ်တ၀င့်သိချင်ရင်တော့ ၀ိနယပါဠိတော်တွေရယ်၊ကင်္ခါ၊ ပါတိမောက်၊ဘာသာဋီကာ တွေမှာ လေ့လာကြည့်ပေါ့ဗျာ"ဟု ပြောရင်း စကားဝိုင်းအဆုံးသတ်လိုက်ပါ၏။
ထိုစဉ်-ကျွန်တော် တို့ လက်ဖက်ရည်ဝိုင်းနှင့်မလှမ်းမကမ်းတွင် တရုတ်ပြည်လုပ် (KINGLING) အမည်ရဘက်ထရီဆိုင်ကယ် အနီရောင်ကလေးတစ်စီး ထိုးရပ်လာပါ၏။
မောင်းလာသူက နေကာမျက်မှန်၊ဒီဇိုင်းဆန်းဆန်းအကျိင်္၊အ၀ါ ပွင့်ခံ ပိုးနိုင်လွန် ကီမိုနို ထဘီ၊ခုံထူထူ၊မြင့်မြင့် ကွင်းသိုင်းဖိနပ်၊
ဆံပင် က ရွှေဝါရောင် လှိုင်းတွန့်အတို၊ဘယ်ညာ လက်ချောင်းလေးများတွင်လည်း ရောင်စုံ လက်စွပ်ကွင်းလေးများနှင့်။ပြီးတော့ ဆွဲကြိုး-လော့ဘ်ကက်-ဟဲန်းချိန်းကလည်း အပြည့် ၀တ်စားဆင်ယင်ထားသူ အမျိုးသမီးတစ်ဦး။
ဆိုင်တွင်းရှိ လူအများက ၀ိုင်းကြည့်သော်လည်း ခပ်တည်တည် နှင့်ပင် ကျွန်တော် တို့ စကားပြောနေရာ စားပွဲသို့ လျှောက်လာ၏။
"ကိုညီ ဘယ်တုန်းက ရောက်နေတာလဲ ၊ ဒီအဖွဲ့ကိုတွေ့လို့ ၀င်လာတာ"ဟု ဆိုင်ကယ်စီးဦးထုပ်၊ နေကာ မျက်မှန် ချွတ်လိုက်ရင်း နှုတ်ဆက်လာ၏။
"မခိုင်ဇံဝေ"ဖြစ်ပါ၏။ (အမည်ပြောင်းထားပါသည်)။
ကျွန်တော် က သူ့နာမည် ရှည်လျှားလွန်းသဖြင့်"မခိုင်"ဟုသာ ခေါ်ပါသည်။ ယခင် တစ်ခေါက်က ဤမြို့လေးသို့ ကျွန်တော် ရောက်ရှိစဉ်က သူ့ကို ဓမ္မနှင့်ပတ်သက်၍ ခင်မင် ခဲ့ပါသည်။ တရားစကားများလည်း အကြိမ်ကြိမ် ဆွေးနွေးဖူးပါ၏။
"မခိုင်" ၏မိဘများက ဤမြို့လေး ၏မျက်နှာဖုံး ကျိကျိတက် ချမ်းသာ ၊ "ခင်ပွန်းသည်" ဘက်ကလည်း ပြည့်စုံ။
ဆိုပါစို့။ ကိန်းဂဏန်းပေါင်းများစွာ ချမ်းသာသူဖြစ်သဖြင့် "အိမ်ထောင်သည်ဘ၀" ဆိုသော်လည်း မခိုင် က တရားစခန်းအကြိမ်ကြိမ်ဝင်။ယခု မြင်ရဘိသကဲ့သို့ ဆိုင်ကယ် နှင့် တစ်လှည့်၊ ကားဖြင့်တစ်ခါ လွတ်လပ်ပျော်ရွင်စွာ နေနိုင်စွမ်းရှိသူ ဟုပင် ဆိုရပါမည်။
ကျန်ခဲ့သည့်ရက်ပိုင်းကပင် မြို့တော်ကြီးတစ်ခုတွင်(၄၅)ရက် တရားစခန်း က ပူပူနွေးနွေး ထွက်လာပါသည်တဲ့။
ကျွန်တော် ဤမြို့လေး သို့ မရောက်မဆိုက်မှာပင် မြို့ခံ ဓမ္မမိတ်ဆွေတို့၏ပြောပြ သတင်းပေးချက်အရ"မခိုင် သောတာပန် ဖြစ်နေပြီ"ဟု ကြော်ငြာကြောင်း၊ ရင်းနှီးသူများအား တရားလှည့်လည်ပြနေကြောင်း၊အချို့သော ရဟန်း များကို ပုထုဇဉ်ဟုယူဆ၍ ရှိ မခိုးကြောင်း၊တရားစခန်းတစ်ခုတွင် နာရီပေါင်း လေးဆယ် ခန့် တောက်လျှောက် မလှုပ်မယှက် တရားထိုင်ပြီးနောက် "သောတာပတ္တိမဂ် ရသည်"ဟု ကမ္မဋ္ဌာနာစရိယ ဆရာတော် က ဆုံးဖြတ်ပေးလိုက်ကြောင်း၊…စသည် ..စသည် ကျွန်တော် ကြားသိရပါသည်။
ကိုင်းး… အနှီ "မခိုင်"သည် ကျွန်တော်၏ ရှေ့သို့ ရောက်ရှိလာပေပြီ။
"ဟုတ်ကဲ့ဗျ ကျန်ခဲ့တဲ့(---) ရက် ညနေ ကမှ ရောက်လာတာပါ။လာပါဗျာ ထိုင်၊ ဘာသောက်မလဲ မှာ ပါဦး"
"မခိုင်"က ကျွန်တော် နှင့်နီးသည့် ထိုင်ခုံတွင် ၀င်ထိုင်လိုက်၏။ အမယ်မင်း မွှေးလိုက်သည့် ရေမွှေး။နာမည်ကျော် ရေမွှေးသုံးသည်ထင်ပါ၏။
"ကိုညီ (---)မြို့ မှာ (၁၀)ရက်တရားပတ် ၀င်နေတယ် လို့ကြားလိုက်သေးတယ်။ပြောပါဦး အခု ဘယ်ဉာဏ်စဉ်ရောက်နေပြီလဲ"
"ဗုဒ္ဓေါ"
အဖြေ အဆင်သင့်မရှိသောမေးခွန်းနှင့်တည့်တည်တိုးပါပေါ့။ "ဗုဒ္ဓေါ"ဟူ၍သာ လွှတ်ခနဲ နှုတ်မှ ထွက်သွားခဲ့ရပါ၏။
"မခိုင်"က ဆက်လက် ၍ ဤသို့ပြောပါ၏။
"အင်းပေါ့လေ၊ ဉာဏ်စဉ်တရား လဲ နာခဲ့ရဟန် မတူပါဘူး၊ကိုညီ တို့ တရားပတ် က (၁၀) ရက်ဆိုတော့ ဘယ်ဉာဏ်စဉ် နာနိုင်ပါ့မလဲနော်၊ ကျွန်မ တောင်မှ (၄၅)ရက်လုံးလုံး ပြည့်မှ ဉာဏ်စဉ် နာခွင့်ရတာ၊(အဟင်း ဟင်း) လူတိုင်း နာရဖို့လွယ်တာ မဟုတ်ဘူး။
ဉာဏ်စဉ် တရား ကလည်း အရမ်းလွမ်းစရာ ၀မ်းနည်းစရာကောင်းတာ၊ နာရသူတိုင်းလိုလို ၀မ်းနည်းသူနည်း၊ငို သူ ငို ဖြစ်ကြရတာချည်းပဲ။
ကျွန်မ လည်း ငိုမိတာပဲ ကိုညီ ရဲ့။အမယ် ငိုတာမှ ရှိုက်ကြီးတငင် အသံထွက် ငိုပစ်လိုက်တာ၊ သိတယ်မဟုတ်လား။
နာရီလေးဆယ်ကျော် တောက်လျှောက် ထိုင်ပြီးကတည်းက ဆရာတော် က "သောတာပတ္တိမဂ် ရပြီ" လို့ ဆုံးဖြတ်ပေးထားတော့ သာမန်ယောဂီ တွေထက် နည်းနည်း ပိုငိုပြရတာပေါ့ ကိုညီ ရ ။ အားလုံးကချီးကျူးကြတယ်၊
ဆရာတော် ကလည်း ချီးကျူးလိုက်တာ မပြောပါနဲ့တော့"
"မခိုင်"က အားရပါးရ ကျယ်ကျယ်လောင်လောင်ပြောနေပါ၏။ ကြားရသည့် သတင်း မှန်နေပေပြီ။
ဉာဏ်စဉ် တရားနာ၍ မခိုင် တို့ယောဂီများ ငို ကြသည် တဲ့။
"ငိုခြင်း" ဆိုသည်က ပီတိသုခ ကြောင့် ငို ငို၊သောက ပရိဒေ၀၊ ဒုက္ခ သောမနဿ၊ဥပါယာသာ ကြောင့် ငို ငို ၊"ဝေဒနာ"သာဖြစ်ပါ၏။
အဘယ့်ကြောင့် ဤ"ဝေဒနာ"ကို "တဏှာ"သို့ ကူး၍ "ဥပါဒါန်"သို့ ဆက်၍ "ငိုကြွေး"သည့်အဖြစ်ရောက်အောင်ပြုနေကြပါသနည်း။
တရား TAPE ခွေမှအသံ၊ လေ ၊ နား ၊ နှလုံးသွင်းမှု များဖြင့် ကြားစိတ်ဖြစ်ခြင်း။ဖြစ်ပြီးသည် နှင့် တရစပ် ပျက်နေခြင်း၊ စဉ်ဆက်ဖြစ်၊ပျက်နေသော အသံလှိုင်း ရုပ်ပရမတ် ကလေးများအပေါ် အဘယ်ကြောင့် လက္ခာရေး(၃)ပါးတင် မရှုပွားပဲ အသံထွက်ငိုကြွေး သည့်အဖြစ်သို့ရောက်အောင်(တနည်း)ငို လိုက်ခြင်းကို၊ "မခိုင်" (သို့မဟုတ်)(သောတာပတ္တိမဂ် ရပြီးသူ ကြီး)က ဘာ့ကြောင့်ပြုလုပ်နေပါသနည်း " ဟူ၍သာ ပြန်မေးလိုက်ချင်ပါ၏။
"အယ် ကိုညီ ဘယ့်နှယ် ငြိမ်လှချည်လား၊ ဘာများစဉ်းစားနေတာလဲ။
ကျွန်မ အခု အတော် သာသနာပြုဖြစ်နေတယ်။ အချို့က ဘာမှ နားလည်ကြတာမဟုတ်ဘူး၊နလပိန်းတုံးတွေ။
သည်းခံပြီး ဟောရ ၊ပြောရတာ၊"
"အော် ဟုတ်ကဲ့ဗျ။ မခိုင် နဲ့ မဆုံဖြစ်တာကြာသွားပြီ ဆိုတာ စဉ်းစားနေတာ၊ နို့ မေးရဦးမယ်၊ အရင် က မခိုင် ဆံပင် က အတော် ရှည်သလား လို့"
"ဟုတ်တယ် ကိုညီ ၊ တရားစခန်းသွားတုန်းက ဖြတ်ထားတာ၊ ပြီးတော့ အ၀ါ ရောင်လေးလဲ ဆိုးဖြစ်လိုက်တယ်လေ"
"မျက်ခုံးမွှေး လဲ ရိတ်ပြီး ဆေး နဲ့ ဆွဲထားတယ် ထင်ပါရဲ့နော့ ၊ ကျွန်တော် က မျက်စိ သိပ်မကောင်းလို့"
"ဟုတ်တယ် ကိုညီ ၊ လူတောထဲသွားတော့ လုပ်ထားရတယ် ကိုညီရေ့။ကလေးသုံးယောက်အမေ ဆိုပြီး ထင်ရာတစ်ချို့ က လူရာသွင်းတာ မဟုတ်ဘူး၊ ဟာ ကိုညီ ကလဲ၊ တရားဆွေးနွေးဖို့ ၀င်လာတာ မေးတာမဖြေပေးဘူး၊ ဘာတွေပြန်မေးနေတယ် မသိပါဘူး။ ကလေးကလား တွေ။ ကိုညီ က မလွယ်ဘူးနော် အရင်က နဲ့ကို မတူတော့ဘူး"ဟုပြောရင်း ပေါ့ပါးစွာ ရယ်နေတာတွေ့ရ၏။
အော် ဒုက္ခ ၊ဒုက္ခ ။ အရပ်ကတို့ရေ -သူ ကပဲ ပြန်ပြောရသည်ရှိသေးဗျာရယ်။ ဒါတောင်မှ မခိုင် ၏ "ဆေးဆိုးပန်းရိုက်မျက်နှာ" အကြောင်း ကျွန်တော် ဆက်မမေးလိုက်မိပါ။
စကားဝိုင်းသည် မိနစ် အနည်းငယ်မျှ ငြိမ်သက် တိတ်ဆိတ်သွားပြန်ပါပြီ။
"တရားဟော ခွင့်မရ၊ ပညာ ပြ ခွင့်မကြုံ ၊ ၀င်လာမိတာ မှားပြီ "ဟု မခိုင် အတွေးပေါက်သွားသလား မသိပါ။
ခဏ ကြာသော်-
"ကိုညီ ရေ ခွင့်ပြုပါဦး-ဒီနှစ် နန်းတောင်ရှင်ပွဲ(ရွာပိုင်ရှင်နတ်ပွဲ) မပေးရသေးလို့ နတ်ကတော် မာမီကြီး ဆီ ခဏသွားလိုက်ဦးမယ်"
မခိုင် က နှုတ်ဆက်ပြီး ထ ရပ်၏။ ကျွန်တော် တို့ စားသောက်ထားသည့် တစ်ဝိုင်းလုံးစာ ကို ဒကာခံ ငွေရှင်းပေးပြီး ဆိုင်မှ ထွက်ခွာသွားပါလေ၏။
မည်သို့ဆိုစေ သူပြုပေးခဲ့သည့် ပေးကမ်းစွန့်ကျဲမှု ဒါနကလေး တစ်ခုကိုတော့ အသိအမှတ်ပြုမိပါ၏။
သြော်-သူ က သောတာပန် တဲ့..။
ရေးသားပြီးစီး။ ။ ၁၃၇၄၅ခုနှစ်၊၊၀ါဆိုလဆန်း(၄)ရက်၊(၁၁-၇-၂၀၁၃)ရက်နေ့၊ကြာသပတေးနေ့- (ညနေ-၃း ၁၁)
ချမ်းသာပါစေ၊အေးငြိမ်းပါစေ၊
သံသရာဝဋ်ဆင်းရဲမှ..လွတ်မြောက်ကြပါစေ။
ဘ၀တုသဗ္ဗမင်္ဂလံ
သင့်
ကလျာဏ မိတ္တ
(ည.ည.တ)
ဤ ဓမ္မဆောင်းပါး ၏ မူရင်း လင့် (https://www.facebook.com/photo.php?fbid=358800740912914&set=a.2...) မှ မျှဝေဓမ္မဒါနပြုခြင်းဖြစ်ပါသည်။
0 comments:
Post a Comment