သင့်ကိုပိတ်ထားတဲ့ တံခါးကို ကြည့်ပြီး သင့်စိတ် ပိတ်မိ မနေပါစေနဲ့။
အဲဒီတံခါးပိတ်နေတာက ပြဿနာမဟုတ်ဘူး။ သင့်စိတ် ပိတ်မိသွားမှသာ သင့်အတွက် ပြဿနာ။
တံခါးက လွဲ၍ ကျန်တာတွေကို ဖွင့်ပြီးလွတ်မြောက်ဖို့ စိတ်ကူးမနေပါနဲ့။
လှပတဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာမှာမဟုတ်ဘူး။
သင့်ကို ပိတ်ထားတဲ့ တံခါးမှာပဲ လှပတဲ့အနာဂတ်အတွက် ထွက်ပေါက်ပေးဖို့ အားနည်းချက်ရှိနေတယ်။
အဲဒီအားနည်းချက်ကို ရှာပြီး သင့်ကိုပိတ်ထားတဲ့ တံခါးကို သင့်စိတ်ကူးနဲ့ဖွင့်နိုင်ရင် တောက်ပသော အလင်းရောင်၊ လှပသောရှုခင်းများ နှင့် လတ်ဆတ်သော လေညှင်းလေးကို သင်ခံစားရလိမ့်မယ်။
ဒီလိုပါပဲ…
သင်တွေ့ကြုံနေရတဲ့ ပြဿနာကိုသာ တွေးပြီး သင့်စိတ် အနှောင့်ယှက်ဖြစ် စိတ်အိုက်မနေပါနဲ့။
သင့်စိတ် အနှောင့်ယှက်တွေ့ကြုံနေရတာမှ တကယ့် ပြဿနာအစစ်ပါ။
အဲဒီပြဿနာကို မဖြေရှင်းဘဲနဲ့လည်း စိတ်ထင်ရာတွေ လျှောက်လုပ်မနေပါနဲ့။
အဆင်ပြေ အောင်မြင်မှုတွေ ဖြစ်လာမှာမဟုတ်ဘူး။
သင်တွေ့ကြုံနေရတဲ့ ပြဿနာက သင့်ကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခွင့်ပေးမှာပါ။
ပြဿနာရဲ့ အကြောင်းရင်းကိုရှာ၊ ပြဿနာကို ဖြေရှင်းနေတဲ့အချိန်မှာ ထိုအကြောင်းရင်းတွေ ထပ်မလုပ်နဲ့၊ ပြီးတော့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို စိတ်အေးအေးနဲ့ စဉ်းစားပြီး၊ သူငယ်ချင်း(ကောင်း)များနှင့်တိုင်ပင်ပြီး ဖြေရှင်းသွားပါ။
အဲဒီပြဿနာကို သင်ဖြေရှင်းသွားနိုင်ပြီဆိုရင် သင့်ရဲ့အောင်မြင်မှုကို ဘယ်သူကမှ အသိအမှတ်မပြုလည်း သင့်ယုံကြည်မှု၊ လေးစားမှုတွေနဲ့ သင့်ကိုသင် ဂုဏ်ပြုအသိမှတ်ပြုခံလိုက်ရပြီ။
ဒါကြောင့် ပြဿနာနဲ့တွေ့ကြုံတိုင်း စိတ်အားငယ် ရင်မောမနေပါနဲ့…
ပြဿနာတွေ တွေ့ကြုံလိုက် ဖြေရှင်းသွားလိုက်နဲ့ပဲ အောင်မြင်သူတွေ ပြဿနာများသလောက် အောင်မြင်မှုတွေရနေကြတာပါ။
အထင်ရှားဆုံး သက်သေပြဆိုရလျင် - ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ဒုက္ခသစ္စာကို အညံ့ခံပြီး အသိရှောင်လွဲသွားရင် သစ္စာလေးပါးကို ဆရာမကူ သယမ္ဗူဉာဏ်ဖြင့် ကိုယ်တော်တိုင် ထိုးထွင်းသိတဲ့ ဗုဒ္ဓဖြစ်လာမည်မဟုတ်ပါ။
ဒုက္ခသစ္စာရဲ့ ဖြစ်ကြောင်းကို ပိုင်းခြားသိ၊ ဒုက္ခသစ္စာရဲ့ဖြစ်စဉ်ကို ထိုးထွင်းသိတဲ့ အသိ - မဂ္ဂသစ္စာကပဲ နိရောဓသစ္စာ အငြိမ်းဓာတ် မြတ်နိဗ္ဗာန်ဆုနဲ့ သဗ္ဗေညုတမြတ်ဗုဒ္ဓဘွဲ့ကိုပေးလိုက်တာပါပဲ။
ဒီနေရာမှာ ဒုက္ခသစ္စာဆိုတာ ဓမ္မနယ်ကအသုံး၊ ပြဿနာဆိုတာကတော့ လောကနယ်က အသုံးပဲပေါ့။
ဒါကြောင့် အချုပ်အားဖြင့် သင်တွေ့ကြုံနေရတဲ့ ပြဿနာကသာ သင့်ကို အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ခွင့်ပေးမှာပါ။ သင် စိတ်အေးအေး၊ တည်တည်ကြည်ကြည်နဲ့ ဖြေရှင်းနိုင်အောင်ကြိုးစားပါလို့ ကိုယ့်ကိုယ်ကို အားပေးရင်း မျှဝေပါရစေ…

လေးစားစွာဖြင့်
ဝင်းမြင့်
0 comments:
Post a Comment